အိမ်သာ၍ ဧည့်လာသည်ဟုပင် ဆိုရပေလိမ့်မည်။ အမိနိုင်ငံသို့ နေ့စဉ်နီးပါး ၀င်ထွက်သွားလာနေသော နိုင်ငံတကာအကြီးအကဲ၊ ကုလသမဂ္ဂနှင့် အီးယူကဲ့သို့သော အဖွဲ့အစည်းကြီးများမှ အကြီးအကဲများစွာရှိပါသည်။ နှစ်နိုင်ငံအရေး၊ နိုင်ငံတကာအရေး ပွင့်လင်းစွာဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ကြ၏။ နိုင်ငံတော်၏ ထင်သာမြင်သာရှိရှိ ဆောင်ရွက်အကောင်အထည် ဖော်လာနိုင်မှုများကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းခြင်း၊ လျှော့ချခြင်း၊ ဆိုင်းငံ့ခြင်းများလည်း ရှိလာခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ၀င်လာတော့မည်ဖြစ်သည်။ နိုင်ငံတော်ဘက်ကလည်း လိုအပ်သော ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ ငွေကြေးဆိုင်ရာ မူဝါဒသစ်များ၊ ဘဏ်စနစ်များ ပြုပြင်ပြောင်းလဲလာပြီဖြစ်၍ ပွင့်လင်းသောလူ့အဖွဲ့အစည်းတွင် ပို၍ထင်သာမြင်သာရှိရှိ လုပ်ကိုင်ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။ အချို့က စက်မှုဇုန်ကြီးများ ထူထောင်မည်။ အချို့က လယ်ယာစိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံမည်။ အချို့က စက်ရုံအလုပ်ရုံများ၊ အချို့က ဓာတ်သတ္တု၊ ရေနံ၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ အချို့က မြို့ပြတည်ဆောက်ရေးစသဖြင့် ရင်းနှီးမြှုပ်နှံမှုပုံစံအမျိုးမျိုးဖြင့် ၀င်လာကြမည်ဖြစ်သည်။
ဤသို့ဖြင့် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ လူသားအရင်းအမြစ်များ၊ လုပ်သားအင်အားများလည်း စီးဝင်လာမည်ဖြစ်သည်။ (ဥပမာ-တရုတ်ဂက်စ်ပိုက်လိုင်း ဖောက်လုပ်တပ်ဆင်ရာတွင် လူအင်အားများစွာ ပါလာသည်ကို တွေ့နိုင်သည်) ဆိုလိုသည်မှာ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှု အမျိုးအစားအလိုက် အနည်းအများသာ ကွာခြားမှုရှိမည်။ သေချာသည်က နိုင်ငံတကာနှင့် ရင်းနှီးဆက်ဆံရတော့မည်ဖြစ်သည်။ ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ရောက်ရှိမလာသေးသည့် ကာလမှာပင် စီးပွားရေးရှေ့ပြေး လေ့လာဆန်းစစ်သူများကြောင့် အ၀င်အထွက်များစွာ ရှိနေသည်ကို တွေ့နိုင်ပါသည်။ ထို့ကြောင့် တည်းခိုခန်းများ၊ ဧည့်ဂေဟာများသည် နိုင်ငံတကာနှင့် ကနဦးစတင်တွေ့ကြုံ ဆက်ဆံကြရမည်ဖြစ်သည်။ ထို့ပြင် ယခုအခါ Down Town ဧရိယာအတွင်း နိုင်ငံခြားသားများ နေထိုင်ရန်၊ ရုံးခန်းဖွင့်လှစ်ရန်၊ တိုက်ခန်းများ လုံးချင်းတိုက်များ ငှားရမ်းမှု၊ မြေနှင့် တိုက်ခန်းဝယ်ယူမှု များပြားလာသည်ကို တွေ့ရသည်။ ထို့ကြောင့် မြို့ပြ၊ ရပ်ကွက်အတွင်း ဆက်ဆံမှုများလည်း ရှိလာမည်ဖြစ်သည်။
ထို့အတူ နိုင်ငံခြားသားများ ငှားရမ်းထားသည့် တိုက်ခန်း၊ ရုံးခန်းများတွင် အောက်ခြေအိမ်အကူမှအစ ၀န်ထမ်းခန့်ထားမှုများ ပို၍ကြီးထွားလာမည်ဖြစ်သည်။ ထို့ကြောင့် အိမ်အကူ၊ ၀န်ထမ်းဆက်ဆံရေး၊ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ဆက်ဆံရမှုများ ရှိလာမည်ဖြစ်သည်။ ထိုအခါ လမ်းစည်းကမ်း၊ ရပ်ကွက်စည်းကမ်း လိုက်နာဖို့ လိုလာမည်ဖြစ်သည်။ အလုပ်လုပ်လျှင် အလုပ်စည်းကမ်း ရှိသကဲ့သို့ ဟိုတယ်နှင့် ဧည့်ဂေဟာများတွင်လည်း သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံကြီးသားများသည် စည်းကမ်းလေးစား လိုက်နာတတ်သူများ ဖြစ်ကြပါသည်။
အချို့နိုင်ငံခြားသားများမှာ မိမိတို့ကိုယ်မိမိတို့ နိုင်ငံကြီးသားအသွင်ဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအား အလေးမထားသည့် အသွင်ဖြင့်လည်းကောင်း ဆက်ဆံတတ်သည်လည်း ရှိ၏။ ဤသို့ဖြင့် နိုင်ငံအတွင်း ဥပဒေမဲ့ပြုကျင့်မှုများ ရှိလာသည်ကို မြင်တွေ့လာရ၏။ စင်စစ်မြန်မာနိုင်ငံသည် နိုင်ငံခြားသားဧည့်သည်များအား ရိုင်းပင်းကူညီရန် လမ်းညွှန်ဆိုင်းဘုတ်များဖြင့်ပင် အသိပေးထားသည်ကို တွေ့နိုင်ပါသည်။ အမိနိုင်ငံသို့ လာရောက်ကြသည့် နိုင်ငံခြားသားများ၊ ရွှေဧည့်သည်၊ ငွေဧည့်သည်များအား လမ်းညွှန်ကူညီခြင်း၊ ပျူငှာဖော်ရွေခြင်းသည် အထူးပင်လိုအပ်လှပါသည်။ သို့သော်လည်း ပြစ်မှုကျူးလွန်သူများ၊ ဥပဒေကို မထီမဲ့မြင့်ပြုသူများအား ဥပဒေအရ အကာအကွယ်မပေးနိုင်သကဲ့သို့ ကူညီအားပေးရန်လည်း မသင့်ပေ။ ဥပဒေမဲ့ပြုကျင့်လာမှုများကိုမူ နိုင်ငံ၏တည်ဆဲ ဥပဒေအရသာမက နိုင်ငံတကာဥပဒေနှင့်အညီ ထိရောက်စွာ ဟန့်တားနိုင်ဖို့ လိုပါသည်။
လောကတွင် အကြောင်းနှင့်အကျိုး၊ အကောင်းနှင့်အဆိုးသည် သီးခြားစီ လာလေ့မရှိပါ။ အစဉ်အမြဲ ဒွန်တွဲလွန်ဆွဲနေသည့် သဘောရှိ၏။ အကောင်းဘက်သို့လည်း ဆွဲနိုင်၏။ အဆိုးဘက်သို့လည်း ယိုင်နဲ့သွားနိုင်၏။ မည်သို့ပင်ဖြစ်စေကောင်းမှု၊ ဆိုးမှု ဤနှစ်ခုကို မျှဝေခံစားရမည်ဖြစ်သည်။ ခံစားရမှု အဆိုးအကောင်း အနည်းအများသည် ယင်းနိုင်ငံပြည်သူများ၏ အမျိုးသားရေးစိတ်ဓာတ် ခိုင်မာရင့်သန်မှု ပျော့ပျောင်းမှုတို့အပေါ်တွင် များစွာမူတည်နိုင်ပါသည်။
နိုင်ငံသည် ဦးစွာပထမ မိမိတို့၏ အမျိုးသားအကျိုးစီးပွားရေး ဦးထိပ်ပန်ဆင်ရမည်ဖြစ်သည်။ မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် အတင်းအဓမ္မ မြေယာသိမ်းခြင်း၊ မြေယာများ ၀ယ်ယူခံရခြင်း၊ အဓမ္မခိုင်းစေခြင်း၊ မတရားလုပ်အား ခေါင်းပုံဖြတ်ခြင်း၊ လုပ်ခလစာနည်းပါးခြင်းစသည့် အမျိုးသားအကျိုးစီးပွား ပျက်စီးစေနိုင်မည့် လုပ်ဆောင်မှုအားလုံးကို ဥပဒေကထိရောက်စွာ အကာအကွယ်ပေးနိုင်ရပါမည်။ ထို့အတူ ဥပဒေကိုကျော်လွန်၍ ဖောက်ဖျက်ကျူးလွန်မှုများအား တည်ဆဲဥပဒေအရ နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ ပြတ်ပြတ်သားသား အရေးယူဟန့်တားရန် ဖြစ်သည်။
ဒုတိယအချက်မှာ မြန်မာတို့သည် သမိုင်းကြောင်းရှည်လျားစွာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ယဉ်ကျေးမှုအမွေအနှစ်များ၊ အစဉ်အလာ ဓလေ့လုံးတမ်းများ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစာပေ၊ အနုသုခုမ ပညာရပ်များနှင့် လက်မှုပညာရပ်များ အံ့မခန်းထွန်းကားခဲ့သည့် နိုင်ငံဖြစ်သည်။ မိမိတို့နိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်းရှိ ယင်းကောင်းမွေများအား မိမိတို့ကိုယ်တိုင် နှစ်သက်မြတ်နိုး တန်ဖိုးထားတတ်ရန် လိုပါသည်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရမည်သာ။ မည်သူ့ကို ချဉ်ခိုင်း၍ ရနိုင်အံ့နည်း။ ခေတ်ရေစီးကြောင်းဆိုသည်မှာ တား၍မရပါ။ သို့သော်လည်း မလိုလားအပ်သော စရိုက်လက္ခဏာများကိုမူ ဖယ်ရှားနိုင်ရပါမည်။ လမ်းလွှဲပေးနိုင်ရပါမည်။ အရိုးပေါ်အရွက်ဖုံးခြင်း၊ ရွာလွန်ရွက်တိုက်ခြင်းသည် အစဉ်အလာကို ဖီလာသဖြင့် ရေရှည်မတည်တံ့၊ မခိုင်မြဲနိုင်ပါ။
ယခုအချိန်သည် နိုင်ငံတော်က စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အသွင်ကူးပြောင်းနေသည့် အချိန်ဖြစ်သည်။ ပွင့်လင်းသော လူ့အဖွဲ့အစည်းအတွင်း ထင်သာ၊ မြင်သာရှိရှိ လမ်းဖွင့်ဆောင်ရွက်နေချိန်လည်း ဖြစ်သည်။ ပြည်ပစီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ စိန်ခေါ်မှုအသစ်များကိုလည်း ရင်ဆိုင်ခံစားရမည်ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတွင်းသို့ ရင်းနှီးမြှုပ်နှံမှု အသစ်များဝင်လာသောအခါ သူ့ချည်းသက်သက်မဟုတ်။ နှီးနွှယ်ရာ ပတ်သက်ကြောင်း ယဉ်ကျေးမှုမျိုးစုံတို့ ရောထွေးမွှေနှောက်လာမည်ဖြစ်သည်။ ထို့အခါ မိမိတို့ဘက်က ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့လိုသည်။ ထိုသို့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ဆိုလျှင် တစ်ဖက်က လိုအပ်နေသည့် Capacity Building များ Infrastructure များ တည်ဆောက်နေသကဲ့သို့ တစ်ဖက်ကလည်း လူ့အဖွဲ့အစည်းအတွင်း တည်ရှိနေသော အမျိုးသားရေးအမြင်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာများကိုလည်း တောင့်တင်းခိုင်မာရန် “တာ” ဖို့ထားရန် အရေးကြီးပါသည်။ အခြေအမြစ်ကျကျ တောင့်တင်းခိုင်မာသော ထုထည်ကြီးမားသော “တာ” များ ဖြစ်ဖို့လိုပါသည်။ ယင်းမှာ နိုင်ငံ၏ အရေးအကြီးဆုံး “တာ” ဖြစ်သည်။ ယင်း“တာ” အားပျော့လျှင် မခိုင်ခံ့လျှင် ယင်း“တာ”မှစ၍ ကျိုးပေါက်နိုင်ပါသည်။ ကြံ့ခိုင်တောင့်တင်းမှု နည်းလျှင်နည်းသလောက် ထိခိုက်ရှနာမှု ကြီးမားနိုင်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ငါးစာကို မြင်သကဲ့သို့ ငါးမျှားချိတ်ကိုလည်း သတိထားရမည်။ ဆိုလိုသည်မှာ စီးပွားရေးဆိုင်ရာ မက်လုံးများ (Economic Incentives)၊ ငွေကြေးအကျိုးအမြတ်များ Monetary Profit ကို တွက်ဆတတ်ရန် လိုပါသည်။ ကိုယ့်“တာ” မခိုင်ခံ့ မတောင့်တင်းဘဲ အလုံးအရင်း သွင်းအားစုများနှင့်တူသော ရေတံခါးများအားလုံး ဖွင့်မိခဲ့လျှင် အမျိုးသားရေးအသိ အမျိုးသားရေးသတိရှိရန် လိုပါသည်။ စင်စစ် ယင်းမှာအုပ်ချုပ်သူများတွင်သာ တာဝန်ရှိသည်မဟုတ်။ ပဉ္စမမဏ္ဍိုင်ဟုခေါ်သော ပြည်သူလူထု တစ်ရပ်လုံးတွင်လည်း တာဝန်ရှိနေသည်။ အထူးသဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်ဆိုင်သည့် အမျိုးသားရေး “တာ”များ လုံဖို့လိုပါသည်။ ။
အတွဲ (၁၁)၊ အမှတ်(၁၁)